ကော့သောင်း ဒီဇင်ဘာ ၁၇
ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းကျင်းပသည့် (Grade 11) နှင့် (Grade 12) ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ် (၄/၂၀၂၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခန့်က ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမ၌ ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းနှင့် တိုင်းဒေသကြီးမှ
တိုင်းဒေသကြီး ဥပဒေအရာရှိ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီးပညာရေးမှူး၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ သင်တန်းသား ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက "အခြေခံပညာ Grade 11 နှင့် Grade 12 အဆင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသက် ၁၈ နှစ်ပြည့်ပြီးပါက အရွယ်ရောက်ပြီးသူ နိုင်ငံသားတစ်ဦး၏ ရရှိမည့်အခွင့်အရေးများနှင့် ထမ်းဆောင်ရမည့်တာဝန်များကို ကြိုတင်သိရှိထားရန် လိုအပ်ကြောင်း၊ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းများတွင် ဥပဒေပညာ သင်ကြားနိုင်ရေးနှင့်စပ်လျဉ်း၍ Grade 11 နှင့် Grade 12 အဆင့် ကျောင်းသူ၊ ကျောင်းသားများနှင့် သင့်လျော်မည့် သင်ရိုးညွှန်းတမ်းကို ရေးသားဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်ရုံးများက ဥပဒေအသိပညာ ပြန့်ပွားရေး ဆရာဖြစ်သင်တန်း (Training of Trainer) ကို ဖွင့်လှစ်ဆောင်ရွက်ခြင်းများကို တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊သင်တန်းဆင်း ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ကျောင်းတွင် ဆင့်ပွားသင်တန်းများ ဆက်လက်ဖွင့်လှစ်ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဘာသာရပ်သင် ဆရာ၊ ဆရာမများက လမ်းညွှန်ချက်နှင့်အညီ Grade 11 နှင့် Grade 12 တွင် ပညာသင်နှစ် ၁ နှစ် လျှင် ၂၄ ချိန် ဥပဒေအသိပညာကို သင်ကြားပေးသွားရန်" အမှာစကားပြောကြားခဲ့သည်။
အဆိုပါ (Grade 11) နှင့် (Grade 12) ဆရာများအတွက် ဥပဒေ အသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ် (၄/၂၀၂၄)ကို ကော့သောင်းမြို့၊အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နေ့လည်ပိုင်း၌ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးညွှန့်လွင်က ဖွဲ့စည်းပုံအခြေခံဥပဒေဘာသာရပ်နှင့်စပ်လျဉ်းသည့် ဥပဒေအချက်အလက်များကို ဆွေးနွေးပို့ချခဲ့သည်။ အဆိုပါသင်တန်းကို ဒီဇင်ဘာ(၁၇)မှ(၂၁) ထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းနည်းပြများအဖြစ် ကော့ကောင်းခရိုင်နှင့်မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိများက ရာဇသတ်ကြီး၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ လောင်းကစားဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေ စသည့် ဘာသာရပ်များကို ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)