ဘားအံ ဒီဇင်ဘာ ၁၇
အရွယ်ရောက်ပြီးသည့်နိုင်ငံသားအားလုံး ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုးကို ကိုင်ဆောင်နိုင်စေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြသံလွင်ခန်းမ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲကို ကျင်းပခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ကရင်ပြည်နယ်အတွင်းရှိ နိုင်ငံသားတိုင်း နိုင်ငံသားကတ်ပြားကိုင်ကြရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ဆက်သွယ်ကြရန်ပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူးဦးကျော်မြင့်က ပန်းခင်းစီမံချက်အကြောင်းသိကောင်းစရာများကို ရှင်းလင်းပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဘားအံမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပေါင်း ၈၀ ကတ်ကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ဘားအံမြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ဆက်လက်ကွင်းဆင်းဆောင်ရွက် ပေးနေမှု၊ e-ID စနစ်အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၁ နာရီခန့်က ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့်ယုဇနလမ်းထောင့်၌ ဖြစ်ပွားခဲ့သည့် ပေါ့ဆမီးလောင်မှုဖြစ်စဉ်တွင် မီးလောင်ဆုံးရှုံးခဲ့သည့် နေအိမ်(၂)လုံးနှင့်ဆိုင်ခန်း(၆)ခန်း မီးလောင်ပြင်အား သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများက မီးလောင်မှုဖြစ်ပွားရခြင်းနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သဘာဝဘေးမီးဘေးကြောင့် ထိခိုက်ခံစားကြရသူများအားလိုအပ်သည့် ကူညီဖြည့်ဆည်းမှုများ ဆောင်ရွက်ပေးနိုင်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများအား မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)