မြိတ် ဒီဇင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်နေကြသည့် သင်တန်းသူ အမျိုးသမီးငယ်များအား ဌာနဆိုင်ရာတာဝန်ရှိသူများမှ ယမန်နေ့က ကဏ္ဍအလိုက် အသိပညာပေး ဟောပြောခဲ့ကြသည်။
အသိပညာပေးဟောပြောရာတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မြိတ်)မှ ဒုရဲမှူး ကျော်နိုင်က ယာဉ်အန္တရာယ်လမ်းအန္တရာယ်နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအကြောင်းအရာများ၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စိတ် (မြိတ်) မှ ဒုရဲမှူး ကျော်မျိုးသိန်းက လူကုန်ကူးမှုအန္တရာယ်နှင့် ကြိုတင်ကာကွယ်ရေးအကြောင်းအရာများ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု (မြိတ်) မှ ရဲမှူး ခင်မောင်ဆွေမင်းက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအရာများကို ဟောပြောခဲ့ကြသည်။
ထို့အတူ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီး ဒေါ်အေးအေးယုက ငှက်ဖျားနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက ဆက်သွယ်ရေးနည်းပညာကို အသုံးပြု၍ အကြမ်းဖက်ခြင်း၊ သတင်းအမှားအမှန်ခွဲခြားစိစစ်ရေးနှင့် ဆိုက်ဘာလုံခြုံရေးအသိပညာပေးအကြောင်းအရာများ၊ မြိတ်ခရိုင် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်သီသီအေးက အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေး၊ မီးသတ်ဦးစီးဌာန တာဝန်ရှိသူများမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများ အသိပညာပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)