ကျောက်ဆည် ဒီဇင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုအဖြစ် မြို့နယ်အတွင်းရှိ ကျောင်းများတွင် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်ကျောင်း၌ အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိကြောင်း သိရသည်။
ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အားကစားပြိုင်ပွဲများကျင်းပခြင်းဖြင့် ကာယ၊ ဉာဏထူးချွန်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရန်၊ အသိဉာဏ်ဖွံ့ဖြိုးစေရန်၊ ရွှင်လန်းသောစိတ်၊ ထက်မြတ်သောဦးနှောက်ကို ပိုင်ဆိုင်နိုင်ပြီး ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲတွင် အထက်တန်းအဆင့် မီတာ (၁၀၀) အပြေးပြိုင်ပွဲ၊ အလျားခုန်၊ အမြင့်ခုန်၊ လွန်စွဲ၊ သံလုံးပြစ်၊သံ ပြားပြစ်၊ လှံတံပြစ်ပြိုင်ပွဲများနှင့် အလယ်တန်းအဆင့် မီတာ (၁၀၀) အပြေးပြိုင်ပွဲ၊ အိတ်စွတ်၊ ဗန်းရွက်၊ ထိုင်ခုံလုနှင့် အလျားခုန်ပြိုင်ပွဲများကို ဒီဇင်ဘာ (၁၁) ရက်နေ့မှ (၁၃) ရက်နေ့အထိ ပြိုင်ပွဲများ ကျင်းပလျက်ရှိကြောင်း အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
အောင်ပိုင်ပိုင်ကျော်