တောင်ကြီးမြို့၌ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

တောင်ကြီး ဒီဇင်ဘာ ၁

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာလ (၁၁) ရက်နေ့  နံနက် (၉) နာရီက တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန်နှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်နိုင်ရန် ပညာရေးကို အဓိက ဦးစားပေးဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အရည်အချင်းပြည့်ဝပြီး ထူးချွန်စွာအောင်မြင်စေရေးနှင့် အောင်ချက်မြင့်မားရေးတို့အတွက် ယခုလိုအလုပ်ရုံဆွေးနွေးပွဲကို အဆင့်မြင့်ပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုရခြင်းဖြစ်ပါကြောင်း၊ ယခုတောင်ကြီးတက္ကသိုလ်မှ ဘာသာရပ်အလိုက်ဆွေးနွေးပို့ချမှုများကို ဆရာ/ဆရာမများအနေဖြင့် မိမိတို့တပည့်များအား ဘာသာရပ်အလိုက် ပိုမိုကျွမ်းကျင်စေရန် တက္ကသိုလ်ဝင်တန်းမေးခွန်းနှင့် အမှတ်ပေးစည်းမျဥ်းတို့ကို ပိုမိုသဘောပေါက်နားလည်ရန်နှင့် ၂၀၂၅ ခုနှစ်၊ မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေး ကျောင်းသား၊ ကျောင်းသူ များကို ဂရုတစိုက်ပြန်လည် သင်ကြားပေးရန်ဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)မှ တက္ကသိုလ်ဝင်တန်း Grade-12 တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူ (၁၁၅၃၈) ဦးရှိသည်ကို သိရှိရပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ မတ်လတွင် ဖြေဆိုရမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ယခင်နှစ်ကထက် အောင်မြင်မှုရာခိုင်နှုန်း ပိုမိုတိုးတက်စေရေးနှင့် ဂုဏ်ထူးရရှိသူများ ပိုမိုများပြားစွာ ပေါ်ထွက်လာစေရေးအတွက် ဆွေးနွေးပွဲတက်ရောက်လာကြသော ဘာသာရပ်အလိုက် ဆရာ/ဆရာမများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးကြရန်တိုက်တွန်းပြောကြားသည်။

ထို့နောက် တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသီတင်က အောင်ချက်မြင့်မားရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆရာ/ဆရာမ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြကြောင်း သိရသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ကန်အတွင်း ကန်ပတ်လမ်းဖောက်လုပ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အနောက်မြို့ပတ်လမ်းရှိ အမှိုက်ကန်မြေနေရာနှင့် လမ်းပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးကာ တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့် ဘုရားစေတီတော်အတက်လမ်းရှိ မြေထိန်းနံရံဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ လိုအပ်သည်များ မှာကြားခဲ့ကြောင်းနှင့် အဆိုပါမြေထိန်းနံရံသည် ဒီဇင်ဘာ လကုန်တွင်ပြီးစီးမှာဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့ကျက်သရေဆောင် ရွှေဘုန်းပွင့် ဘုရားစေတီတော်အား ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်၍ ဖူးမြော်ကြည်ညိုပြီး စေတီတော်ဘက်စုံ ပြန်လည်ပြုပြင်မွမ်းမံနေမှုကို ကြည့်ရှုစစ်ဆေးကာ ဘုရားဂေါပကအဖွဲ့အား ရွှေဘုန်းပွင့်ဘုရား ပြန်လည်ပြုပြင်နေမှုကို နေ့စဥ်မှတ်တမ်းတင်ထားရှိရန် မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ မြို့ရှောင်လမ်းသို့ သွားရောက်ကာ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရန်မြေနေရာအား သွားရောက်ကြည့်ရှုပြီး တောင်ကြီးမြို့ စိမ်းလန်းစိုပြည်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးသွားလာလွယ်ကူနိုင်ရေး လမ်းကြောင်းများ ကြည့်ရှုကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)