ကျောက်ဆည်မြို့နယ် ထနောင်းပင်လှကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြင့်တင်ရေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

ကျောက်ဆည် ဒီဇင်ဘာ  ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ထနောင်းပင်လှကျေးရွာ အခြေခံ ပညာမူလတန်းကျောင်းတွင် ယနေ့နံနက်(၁၀) နာရီက ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား အတတ်ပညာသာမက အသိပညာ ဗဟုသုတများရှာမှီးနိုင်ရန်၊ စာအုပ်စာပေ၌နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်အလေ့အထ၊အလေ့အကျင့် ကောင်းများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ထနောင်းပင်လှကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမွန်က ကျောင်းသား‌၊ ကျောင်းသူများ ပညာတတ်များဖြစ်အောင် ပညာကို လေ့လာကြိုးစားသင်ယူကြရန်၊ ကျောင်းသင်ခန်းစာအပြင် ပြင်ပဗဟုသုတများရှာဖွေ ဖတ်ရှုလိုကြောင်း အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကျောင်းသား၊ ကျောင်းသူ လူငယ်များစာအုပ်စာပေများဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအမြင်များရရှိစေပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေကာ ငယ်စဉ်ကပင် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိကာ စာပေချစ်မြတ်နိုးစိတ်များ ကိန်းအောင်းနေစေရန်အတွက် စာဖတ်ရှိန်မြင့်တင်ရေး ခေါင်းစဉ်ဖြင့်  အသိပညာပေးဟောပြောခဲ့သည်။

အသိပညာပေးဟောပြောပွဲအပြီးတွင်  ကျောင်းသား၊ ကျောင်းသူများအား စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိရေး စာအုပ်ပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး၊ အရွယ်မရောက်သေးသည့် ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကိုစိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

  စုစုအေး(ကျောက်ဆည်)