မိတ္ထီလာ ဒီဇင်ဘာ ၁၂
ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade 11 နှင့် Grade 12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း အမှတ်စဉ်(၂)ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မိတ္ထီလာပညာရေးဒီဂရီကောလိပ် ပညာပါရမီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဦးအေးသိန်း၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး (ပညာ)ဦးအောင်ဆွေဦး၊ မိတ္ထီလာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်စုလတ်ထွေး၊ မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုး၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပညာဆရာဆရာမများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်မောင်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဥပဒေအရာရှိ ဦးအေးသိန်းနှင့် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(ပညာ)ဦးအောင်ဆွေဦးတို့က သင်တန်းပြီးမြောက်ကြောင်း အောင်လက်မှတ်များ ပေးအပ်ခဲ့ရာ သင်တန်းသားသင်တန်းသူများကိုယ်စား ပညာရှင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ အထက်တန်းပြဆရာ ဦးကျော်တင့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ဒီဇင်ဘာလ ၄ ရက်နေ့မှ ၁၂ ရက်နေ့အထိ ၈ ရက်တာ ကာလအတွက် ဥပဒေဘာသာရပ် (၇)ခု သင်ကြားပို့ချပြီး မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ညောင်းဦးခရိုင်နှင့် မြင်းခြံခရိုင်များမှ အခြေခံပညာအထက်တန်းကျောင်းနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ ဆရာဆရာမ ၃၂၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)