သရက်ချောင်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

သရက်ချောင်း ဒီဇင်ဘာ ၁၂

ကျောင်းသား/ သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြှင့်မားလာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်‌ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ပူပေါင်း၍ ယနေ့နံနက် ၁၀နာရီအချိန်က သရက်ချောင်းမြို့၊ အ.ထ.က (သရက်ချောင်း) ကျောင်း(ပညာရတနာခန်းမ)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်မောင်စိုး၊ သရက်‌ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုနှင့် ဝန်ထမ်းများ၊ သရက်ချောင်းမြို့၊ (အ.ထ.က) သရက်ချောင်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာကြူနှင့် ဆရာမများ၊ ကျောင်းသား/ သူများ တက်ရောက်ကာ အခမ်းအနား ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က ‌အခမ်းအနားသို့ တက်ရောက်လာသူများအား နိုင်ငံတော်အနေဖြင့် လူငယ်ကဏ္ဍကို တိုးတက်မြှင့်မားအောင် အရိုန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း စသည့် အကြောင်းအရာများဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်မောင်စိုးက ကျောင်းသား/ သူများအချင်းချင်း စည်းလုံးညီညွှတ်စွာနေထိုင်ကြရန်၊ ကျောင်းသားများအချင်းချင်းကူညီလိုအပ်လျှင် ရိုင်းပင်းကူညီကြရန်၊ ကျောင်းသား/သူများအနေဖြင့် ပညာရေးကို ပြီးမြောက်အောင် သင်ကြား‌စေလိုကြောင်း၊ ဆရာ/ ဆရာမများ ပြောစကားများကို နားထောင်ပြီး ကျောင်းစည်းကမ်းများကို လိုက်နာကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ သရက်‌ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ဦးစွာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် အသိပညာပေးဟောပြောရာ ကျောင်းသား/ သူများအားအနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံနှင့် လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်ကြရမည်ဖြစ်ပြီး ယခုအရွယ်မှစပြီး ဗလငါးတန်နှင့် ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ စာအုပ်၊ စာပေများ ဖတ်ရှုခြင်းကြောင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း၊ မိမိတို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များတွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတ၊ ရသ၊ စာအုပ်စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး  ငှားရမ်းလိုပါက စာကြည့်တိုက်အသင်းဝင်၍ အခမဲ့ငှားရမ်းနိုင်ကြောင်း ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)