ငါန်းဇွန်မြို့ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းဆောင်ရွက်

ငါန်းဇွန် ဒီဇင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အမှတ် (၄) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသားကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး၊ လူငယ်ရေးရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲနှင့် နံရံကပ် စာစောင်/သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက “ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး” ခေါင်းစဉ်ဖြင့် ကလေးသူငယ်နှင့်ကလေးအလုပ်သမားတို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးလုပ်သားဖြစ်ရခြင်းအကြောင်းအရင်းများ၊ ကမ္ဘာပေါ်နှင့်မြန်မာနိုင်ငံတွင် ကလေးလုပ်သားပေါင်းမည်မျှရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကလေးအလုပ်သားပပျောက်ရေးနှင့်ပတ်သက်ပြီး ဥပဒေပြဌာန်းချက်များ၊ အဆိုးရွားဆုံးပုံစံဖြင့်ကလေးများကို ခိုင်းစေခြင်းများအကြောင်း၊ ကလေးလုပ်သားပပျောက်ရန် လုပ်ဆောင်နေမှုများ စသည့်အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပရာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အကြီးတန်းစာရေးဒေါ်မို့မို့စံက “လူငယ်နှင့် ကိုယ်လက်လှုပ်ရှား အားကစား” ခေါင်းစဉ်ဖြင့် ကိုယ်လက်လှုပ်ရှားအားကစား အလေ့အကျင့်ကြောင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့်အပြင် အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူဖြစ်စေကြောင်း၊ နေ့စဉ်အလွယ် တကူပြုလုပ်နိုင်သည့် ကိုယ်လက်လှုပ်ရှား နည်းလမ်းများကို ကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန် မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ချိုမြင့်ကြည်က  “လူငယ်တွေအတွက် အောင်မြင်ရေးနည်းလမ်း (သို့မဟုတ်) ဗလငါးတန်ဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူများအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂဗလ၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေဖို့ လေ့ကျင့်ပြုမူနေထိုင်တတ်စေရန်ကို လည်းကောင်း ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဝန်ထမ်းများက  ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး၊ နံရံကပ်စာစောင်များပြသခြင်းနှင့်သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ပေးရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်းသိရသည်။           

သက်နောင်ဦး(ငါန်းဇွန်)