မရမ်းကုန်း ဒီဇင်ဘာ ၁၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားကာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ မြေလတ်ထင်ကျော်မိုးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ဗလငါးတန်ဖွံ့ဖြိုးရေးကို ဆွေးနွေးခဲ့သည်။
ယင်းနောက် စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်နှင့် အ.ထ.က(၅)မှ အထက်တန်းပြဆရာမတစ်ဦးတို့မှ ဆောင်ရွက်ခဲ့ပြီး လူငယ်နှင့်အနာဂတ်၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဥ်များဖြင့် ကျောင်းသား၊ ကျောင်းသူ (၆) ဦးတို့က ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည်များကို မေးမြန်းရာ ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးကြပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားကာ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသည့် စာရေးဆရာမများက အမှတ်တရ စာအုပ်လက်ဆောင်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ဆွေးနွေးပေးကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော ဓာတ်ပုံ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများကို တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်သူလေးများက စိတ်ပါဝင်စားစွာကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)