လိပ်သိုမြို့ အလည်ချောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) နှင့် ဆုံဆို့-မေးခိုင် (DT) ကာကွယ်ဆေး ထိုးနှံပေး

လိပ်သို ဒီဇင်ဘာ ၁၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အလယ်ချောင်း(အထက်) ကျေးရွာနှင့်အလည်ချောင်း(အောက်)ကျေးရွာတို့တွင် ကျောင်းအခြေပြု သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး (HPV)နှင့် ဆုံဆို့-မေးခိုင် (DT) ကာကွယ်ဆေးထိုးနှံခြင်းတို့ကို ယနေ့နံနက်ပိုင်းမှ စတင်ကာ လိပ်သို တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို တိုက်နယ်ကျန်းမာရေးဆရာမ ဒေါ်မိမိုးမိုးခိုင်က ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးရခြင်းနှင့်ပတ်သက်ပြီး  ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများကို ဟောပြောပေးပြီးနောက် အသက် (၉) နှစ်ပြည့်ပြီး အသက် (၁၀) နှစ်မကျော်သော ကျောင်းသူ (၅) ဦးတို့အား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) နှင့် KG ကျောင်းသား/ကျောင်းသူ (၁၈) ဦးတို့အား ကျောင်းအခြေပြု ဆုံဆို့-မေးခိုင် (DT) ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့အတွင်းရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ပြီး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ခင်လေးနွယ်