မင်းတပ် နိုဝင်ဘာ ၂၈
နိုဝင်ဘာ ၂၀ ရက်နေ့တွင်ကျရောက်သော ကုလသမဂ္ဂကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူ စာချုပ်လက်မှတ်ရေးထိုးမှု နှစ်ပတ်လည်နေ့ အခမ်းအနား အထိမ်းအမှတ်ကို လူသရမ်ဝေါဖက်ဒရေးရှင်း မြန်မာ (မင်းတပ်)နှင့် စီမံကိန်းဝင်ကျေးရွာသုံးရွာပူးပေါင်းလျက် ထုံးကိန်းကျေးရွာ ကျောင်းခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းချက်များနှင့်အညီ ယမန်နေ့ နံနက် ၉ နာရီတွင် ကျင်းပ ပြုလုပ်သည်။
ကလေးသူငယ်အခွင့်အရေးများအား လူထုအတွင်းကျယ်ကျယ်ပြန့်ပြန့်သိရှိလာကြစေရန်၊ ကလေးသူငယ်များ ကိုယ်တိုင်နိုးနိုးကြားကြား တက်တက်ကြွကြွဖြင့် ပါဝင်ပူးပေါင်းလာတတ်ကြစေရန်နှင့် နိုင်ငံတော်မှ အားကိုးအားထားပြုရသည့် အနာဂတ်မျိုးဆက်သစ်များ ပေါ်ပေါက် လာစေရန်တို့ကို ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း လူသရမ်ဝေါဖက်ဒရေးရှင်းမြန်မာ(မင်းတပ်) မှ တာဝန်ခံအရာရှိ ဆလိုင်းမာန်ကီး ထံမှ သိရသည်။
အခမ်းအနားတွင် ကမ္ဘာ့ကလေးသူငယ်များနေ့ သမိုင်းကြောင်းဖြစ်ပေါ်လာပုံ၊ ပြိုင်ပွဲကျင်းပ ရခြင်းအကြောင်းများကို လူသရမ်ဝေါဖက်ဒရေးရှင်း မြန်မာ (မင်းတပ်) မှ တာဝန်ခံအရာရှိ ဆလိုင်းမာန်ကီးမှ ဖတ်ကြားသည်။ ဆက်လက်၍ ဘတ်စကက်ဘောပြိုင်ပွဲ၊ မျက်စိပိတ်ကြိုးနင်း လျှောက်ပြိုင်ပွဲ၊ ခေါင်းအုံး ရိုက်ပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဆုများအသီးသီး ပေးအပ်ကြသည်။ ယင်းနောက် ကလေးသူငယ်များက ရိုးရာယဉ်ကျေးမှုအကများဖြင့် ပြန်လည်ဖျော်ဖြေကြ ကြောင်း သိရသည်။
ခွီရှိန်းမောင်း(မင်းတပ်)