မိုင်းဖြတ်မြို့နယ်၊ လူထုအ​ခြေပြုဗဟိုဌာန၌ လူငယ်​ရေးရာအသိပညာ​ပေး​​ဟော​ပြောပွဲ ကျင်းပ

မိုင်းဖြတ် ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူငယ်​ရေးရာအသိပညာ​ပေးဟော​ပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအ​ခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့​ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်က ယ​နေ့​ခေတ်တွင် လူငယ်များ၏အ​ရေးပါသည့်အခန်းကဏ္ဍများ၊  မြန်မာ့သမိုင်းတွင် ထင်ရှားကျော်ကြားသည့် လူပုဂ္ဂိုလ်များနှင့် ​နေ့ထူး​နေ့မြတ်များအ​ကြောင်းသိ​ကောင်းစရာများ၊ ​နောင်တွင် နိုင်ငံတာဝန်ကို လက်ဆင့်ကမ်းထမ်း​ဆောင်ကြမည့် လူငယ်များသည် ဗလငါးတန်နှင့်ပြည့်စုံကြွယ်ဝရန် လိုအပ်ပုံများကို အကျယ်တဝင့် ရှင်းလင်း​ဟော​ပြောခဲ့သည်။ ထို့နောက် စာကြည့်တိုက်လက်​ထောက်-၃ ​ဒေါ်နန်း​ကောင်ခမ်းက စာဖတ်ခြင်း၏အကျိုးကျေးဇူးများနှင့် စာ​ပေအ​ကြောင်းသိ​ကောင်းစရာများကို ရှင်းလင်း​ပြောကြားခဲ့​ကြောင်း သိရသည်။

ဆက်လက်၍ ​​ဟော​ပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာ​စောင်များ၊ စာအုပ်ပြပွဲများကို ကျောင်းသား၊ ​ကျောင်းသူများက လေ့လာဖတ်ရှုခဲ့ကြ​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)