မက်မန်း ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/ကျောင်းသူလူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ မက်မန်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါလူငယ်စကားဝိုင်းတွင် မက်မန်းမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိအောင်က အဖွင့်အမှာစကားပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လေးလေက လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး Grade 10 မှ ကျောင်းသား/ ကျောင်းသူလေးများဖြစ်သည့် မောင်ဇွဲထက်အောင်၊ မောင်ယောရု၊ မနန်းမိုရှန်ဟိန်း၊ မအီမွန်း၊ မမာထနှင့် မဘီးစိန်တို့က လူငယ်နှင့်အင်တာနက်သုံးစွဲမှု၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့် Online Game အန္တရာယ်၊ လူငယ်နှင့်နည်းပညာ ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက် လာသည့် ကျောင်းသား/ကျောင်းသူလေးများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေး ပေးခဲ့သည်။
မက်မန်းခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတများရရှိစေရေးအတွက် လစဉ်ဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ၊ ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ နံရံကပ်စာစောင်များ၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အသိပညာပေး Talk Show များကိုလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မက်မန်းခရိုင်ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ထုတ်လွှင့်ပြသပေးလျက်ရှိကြောင်း သိရှိရပါသည်။
အေဇက်ထွန်း(မက်မန်း)