မိုင်းစံ ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူခရိုင်၊ မိုင်းစံမြို့တွင် စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၁) နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထွေးက သိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ စာအုပ်စာပေလူ့မိတ်ဆွေ ဆိုသည့်အတိုင်း လူတို့၏မိတ်ဆွေစစ်များမှာ စာအုပ်များပင်ဖြစ်ကြောင်း၊ ပညာကိုလိုလျှင် စာဖတ်ကြရမည်ဖြစ်ကြောင်း၊ စာအုပ်တစ်အုပ်ကိုဖတ်နေခြင်းသည် မိမိတို့အိမ်မှ ပြတင်းပေါက်တစ်ပေါက်ကို ဖွင့်ထားခြင်းနှင့်တူပါကြောင်း၊ စာဖတ်ခြင်းသည် ကျောင်းသားလူငယ်များအတွက် စာပေသင်ကြားရာတွင် အထောက်အကူဖြစ်စေရုံသာမက အထွေထွေဗဟုသုတကိုလည်းရရှိစေနိုင်ကြောင်းနှင့် စပ်လျဉ်း၍ ပညာပေးပြောကြားခဲ့သည်။
ထို့နောက် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ကေသွယ်စိုးက ကျောင်းသား၊ ကျောင်းသူများအား ရုပ်ပြစာအုပ်များ၊ ပုံပြင်စာအုပ်များပါ အသိပညာဗဟုသုတရရှိစေမည့် ခေါင်းစဉ်များကိုဖတ်ပြခဲ့ပြီး ကျောင်းသား၊ကျောင်းသူများကသိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ရာ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက ပြန်လည်ရှင်းလင်းအသိပညာပေး ဟောပြောခဲ့သည်။
မိုင်းစံ (ပြန်/ဆက်)