ပြင်ဦးလွင်မြို့ ဆင်လမ်းအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု စာဖတ်ဝိုင်း ကျင်းပ

ပြင်ဦးလွင် ဒီဇင်ဘာ  ၁၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စာရေးဆရာ ဗန်းမော်သိန်းဖေရေးသားသည့် “မျှ‌ဝေလိုသောအတွေးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ဆင်လမ်း အခြေခံပညာအထက်တန်း ကျောင်းစာကြည့်တိုက်၌ ကျင်းပ သည်။

ရှေးဦးစွာ ဆင်လမ်း အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးက အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသား၊ကျောင်းသူများ စာဖတ်သည့် အလေ့အထများ၊ အလေ့အကျင့်‌ကောင်းများ ရရှိစေရန်နှင့် နှလုံးသားလှပသောလူငယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာရေးဆရာဗန်းမော်သိန်းဖေ ရေးသားသည့် “မျှ‌ဝေလိုသော အတွေးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ အ.ထ.က(ဆင်လမ်း) Grade-10 မှ မဇင်ငြိမ်းဖြိုး ၊ Grade- 10မှ မချယ်ရီမိုး ၊ Grade-9မှ မောင်ဘုန်းထွန်းခန့်တို့က ဖတ်ရှုထားသည့် ခေါင်းစဉ်များအလိုက် ဆွေးနွေးခဲ့ကြရာ ပြင်ဦးလွင်ခရိုင် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် စာရေးဆရာ ကိုရွှေအောင်သင်းနှင့် ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်း ခရိုင်ဒုဥက္ကဋ္ဌ ဒေါ်အေဇင်မေတို့က ဖြည့်စွက်ဆွေးနွေးပေးခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများကလည်း မိမိတို့၏ အမြင်များကို ချစ်ခင် ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြ​သည်။

ထို့နောက် စာဖတ်ဝိုင်းတွင် ဆွေးနွေးပေးခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများအား စာရေးဆရာ ကိုရွှေအောင်သင်းက အမှတ်တရ လက်ဆောင်စာအုပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း(၄၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သွေးသွေး(ပြန်/ဆက်)