သာစည်မြို့နယ်တွင် သဘာဝဘေးရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်တိရစ္ဆာန်များ ပြန်လည်ထောက်ပံ့ခြင်း ဆက်လက်ဆောင်ရွက်

သာစည် ဒီဇင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၌ ရာဂီမုန်တိုင်းကြောင့် သဘာဝဘေး ရေကြီးနစ်မြုပ် ပြီးပျက်စီးဆုံးရှုံးခဲ့သည့်တိရစ္ဆာန်(နွား၊ဆိတ်၊ဝက်)များ ပြန်လည်ထောက်ပံ့ပေးခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက မောင်းမဆည်ကျေးရွာတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ထောက်ပံ့ပေးအပ်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးက အမှာစကားပြောကြားပြီး ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါက်တာအောင်ထွန်းက ထောက်ပံ့ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းသည်။ ထို့နောက် ခရိုင်နှင့်မြို့နယ်အဆင့် တိရစ္ဆာန်ထောက်ပံ့ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ကျေးရွာအဆင့် တိရစ္ဆာန်ထောက်ပံ့ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များက တိရစ္ဆာန်များပျက်စီး ဆုံးရှုံးခဲ့သည့် ကျေးရွာပြည်သူများထံ နွားနှင့်ဆိတ်များကို လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။ ထို့နောက်ကျေးရွာပြည်သူများ ကိုယ်စားလက်ခံရယူသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြိုနယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဝန်ထမ်းများနှင့်ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်၌ သဘာဝဘေးရေကြီးနစ်မြုပ်မှုကြောင့် ကျေးရွာအုပ်စု(၈)အုပ်စု ရှိကျေးရွာ (၁၄)ရွာ တို့မှ ပိုင်ရှင် ၁၅၇ ဦးတို့၏ နွားကောင်ရေ ၄၄၆ ကောင်၊ပိုင်ရှင် ၃၉ ဦးတို့၏သိုး/ဆိတ် ၁၄၀၆ ကောင်နှင့်ပိုင်ရှင် ၃၃ ဦးတို့၏ ဝက် ၅၁ ကောင်တို့ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရပြီး အဆိုပါပျက်စီးဆုံးရှုံးခဲ့မှုများအား ပြည်သူများလက်ဝယ်အရောက် ပြန်လည် ထောက်ပံ့ပေးအပ်လျက်ရှိရာ ဒီဇင်ဘာ ၄ ရက်နေ့အထိ ပိုင်ရှင် ၃၃ ဦး၏ဝက် ၅၁ ကောင်၊ ပိုင်ရှင် ၃၁ ဦး၏ဆိတ် ၁၂၀၆ ကောင်၊ ပိုင်ရှင် ၅၁ ဦး၏ နွားကောင်ရေ ၁၁၄ ကောင်တို့ကို ထောက်ပံ့ပေးပြီးဖြစ်ကြောင်းနှင့် ကျန်ကျေးရွာများမှ ပျက်စီးမှုများအား အမြန်ဆုံးရရှိရေး ဆက်လက်ထောက်ပံ့ပေးလျက်ရှိကြောင်း  မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန  တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါက်တာအောင်မိုးကျော်ထံကသိရသည်။

မြို့နယ်(ပြန်/ဆက်)