ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ်၊ မိုင်းဆတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မိုင်းဆတ် ဒီဇင်ဘာ ၅

မိုင်းဆတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် မိုင်းဆတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂နာရီခွဲက မိုင်းဆတ်မြို့၊ အောင်ဇေယျဘက်စုံအားကစားကွင်းအတွင်း၌ ကျင်းပရာ  မိုင်းဆတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးညီညီထွေးနှင့် တာဝန်ရှိသူများက ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ၊ ဖူဆယ်အားကစားပြိုင်ပွဲ၊ အေရိုးဗစ်အားကစားပြိုင်ပွဲနှင့် ဘောလုံး (ကျား) အားကစားပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုတံဆိပ်များ ချီးမြှင့်ခြင်းနှင့် နေရာအလိုက် အကောင်းဆုံး အားကစားသမားဆု၊ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများ၊ ဆုဖလားနှင့် ဂုဏ်ပြုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ဝါသနာရှင်များက တေးဂီတများဖြင့် ဧည့်ခံဖျော်ဖြေခြင်းနှင့် Mong Hsat Exercise Is Medicine အဖွဲ့က "ထာဝရ"မြန်မာသီချင်းဖြင့် သရုပ်ဖော် ဖျော်ဖြေခဲ့ကြပြီး အ.ထ.က အသင်းနှင့် အ.လ.က-ကာန အသင်းတို့က ဘောလုံးအားကစားပြိုင်ပွဲ(ကျား)အသင်း ဗိုလ်လုပွဲအား ယှဉ်ပြိုင်ကစားခဲ့ကြရာ အ.လ.က-ကာနအသင်းက အ.ထ.က အသင်းအား (၂)ဂိုး(၁)ဂိုး ဖြင့် အနိုင်ရရှိသွား‌ကြောင်း သိရသည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းသို့ နေရာယူကြပြီး မိုင်းဆတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးညီညီထွေး၊  အမှတ်(၁၀) ဆက်သွယ်ရေး တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သန့်ဇင်လှိုင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေသားများ ချီးမြှင့်ခြင်း၊ ပိုက်ကျော်ခြင်း၊ ဖူဆယ်နှင့် ဘောလုံးအားကစားပြိုင်ပွဲများတွင် နေရာအလိုက် အကောင်းဆုံး အားကစားသမားဆုများ ချီးမြှင့်ခြင်းနှင့် နှစ်သိမ့်ဆု၊ ပထမ၊ ဒုတိယနှင့် တတိယဆုများအား ဆုဖလားနှင့် ဂုဏ်ပြုငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆုပေးပွဲ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးညီညီ‌ထွေးနှင့် အဖွဲ့ဝင်များ၊ အမှတ်(၁၀)ဆက်သွယ်ရေး တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သန့်ဇင်လှိုင်နှင့် တပ်ရင်းတပ်ဖွဲ့မှ အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးအားလွန်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး မိုင်းဆတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဖူဆယ်၊‌အေရိုးဗစ် အားကစားပြိုင်ပွဲများကို (၂၃-၁၁-၂၀၂၄) ရက်နေ့မှ (၄-၁၂-၂၀၂၄) ရက်နေ့အထိ မိုင်းဆတ်မြို့၊ အ‌ခြေခံပညာကျောင်းများမှ ကျောင်းသား/သူလေးများဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)