ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ လူရည်ချွန်ရွေးချယ်ရေး စစ်ဆေးခြင်းဆောင်ရွက်

ချမ်းမြသာစည် ဒီဇင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ အဆိုပါမြို့နယ်ရှိ အမှတ် (၃၀) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လူရည်ချွန်ရွေးချယ်ရေး စစ်ဆေးခြင်းကို ခရိုင်ပညာရေးမှူး ဒေါက်တာသက်လှစုနှင့် မြို့နယ်ပညာရေးမှူး ဒေါ်စန်းမြင့်တို့က အနီးကပ်ကြီးကြပ်၍ အ.ထ.က(၃၀)ကျောင်း အုပ်ဆရာမကြီးဒေါ်မြင့်မြင့်ခိုင်က ကြီးကြပ်ရေးမှူးအဖြစ်ဆောင်ရွက်ကာ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ နဝမတန်း (၃၉)ဦး၊ ဒသမတန်းမှ (၂၉) ဦး၊ ဧကာဒသမတန်းမှ (၂၈) ဦး၊ ဒွါဒသမတန်းမှ (၁၆) ဦး၊  စုစုပေါင်းကျောင်းသား/ ကျောင်းသူ (၁၁၂)ဦး ဝင်ရောက်ဖြေဆိုကြသည်။

လူရည်ချွန်ရွေးချယ်ရေး စစ်ဆေးခြင်းစာမေးပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် မြန်မာစာဘာသာရပ် စစ်ဆေး၍ မွန်းလွဲပိုင်းတွင် အင်္ဂလိပ်စာဘာသာရပ် စစ်ဆေးခဲ့ပြီး ဒီဇင်ဘာ ၅ ရက်နှင့် ၆ ရက်နေ့များတွင် အထွေထွေဗဟုသုတ၊ လူတွေ့နှုတ်ဖြေနှင့် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းများကို နံနက်ပိုင်း၊ နေ့လယ်ပိုင်းခွဲ၍ စစ်ဆေးသွားမည်ဖြစ်ရာ ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူတို့အား ခရိုင်အဆင့်လူရည်ချွန်ရွေးချယ်ပွဲတွင် ဆက်လက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ချမ်းမြေ့