ကျောက်ဆည်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲ ကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နိုင်ငံ့အတွက် အရည်အချင်းမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ထွန်းလာစေရေးရန် ဘက်စုံထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများကို လေ့ကျင့်ပျိုးထောင်ပေးရန်ရည်ရွယ်၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် (၉) နာရီက မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ လူရည်ချွန်ရွေးချယ်စစ်ဆေးခြင်းစာမေးပွဲကို အေးချမ်းစွာဖြေနိုင်ရန်အတွက် မြို့နယ်ပညာရေးမှူးဦးအေးလင်း ဦးဆောင်ပြီး အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက ကြီးကြပ်၍ တာဝန်ကျဆရာ၊ ဆရာများက အနီးကပ်စောင့်ကြပ်ပေးခဲ့ကြသည်။ ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ Grade-9 မှ ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး၊   Grade-10 မှ (၂၂) ဦး၊ Grade -11 မှ (၁၉) ဦး၊ Grade-12မှ (၁၀) ဦး၊ စုစုပေါင်း (၇၆)ဦး ဝင်ရောက် ဖြေဆိုကြောင်း သိရသည်။

မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်စစ်ဆေးခြင်းစာမေးပွဲကို ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့မှ (၆) ရက်နေ့အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ ဘာသာရပ်များနှင့် လူတွေ့နှုတ်ဖြေ၊ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းများကို ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)