ရန်ကုန် ဒီဇင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှကြီးမှူးဖွင့်လှစ်သည့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးသင်တန်းအမှတ်စဉ်(၁၈)ကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံး၌ ကျင်းပရာကျောက်တံတားခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက်၊ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့်တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်တံတားခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက်နှင့် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်တို့က အဖွင့်အမှာစကားများအသီးသီးပြောကြားခဲ့ကြသည်။
ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မျိုးထွန်းက "ငွေကြေးခဝါမှုနည်းပုံစံ"များဖြစ်သည့် အိမ်ခြံ/မြေ/မော်တော်ယာဉ်စသည့် အဖိုးတန်ပစ္စည်းများဝယ်ယူခြင်း၊ ငွေကြေးလဲလှယ်ခြင်းနှင့် ငွေသားပြောင်းလဲခြင်း၊ တရားဝင်နှင့်တရားမဝင်ငွေကြေးများကိုရောနှောပြသခြင်း၊ အမည်ခံ/ဘဏ္ဍာထိန်း/မိသားစုဝင်/ တတိယအဖွဲ့အစည်းများအသုံးပြုခြင်း၊ သဏ္ဍာန်ဆောင်ကုမ္ပဏီများကိုအသုံးပြုခြင်း၊ ငွေဆက်သားကိုအသုံးပြုခြင်း၊ ကုန်သွယ်မှုအသုံးပြုခြင်း၊ လောင်းကစား(ထီ) အသုံးပြုခြင်း၊ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများကိုအသုံးပြုခြင်းများစသည်တို့ကို သင်တန်းကြားပို့ချပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှကြီးမှူးပြီး ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်းများကို လစဉ်ပုံမှန်ဖွင့်လှစ်ပေးလျက်ရှိရာ ယခုဖွင့်လှစ်သည့်သင်တန်းသို့ သင်တန်းသား(၁၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)