မဟာအောင်မြေ ဒီဇင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ မြို့တော်ခန်းမ၌ (၂၀၂၄) ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ (နှီးနွယ်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ခုခံကျ/ ကာလသားရောဂါတိုက်ဖျက်ရေးဌာနစိတ်မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်သည်။
အဆိုပါ အခမ်းအနားအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းက ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့နှင့်ပတ်သက်၍ အိပ်ချ်အိုင်ဗွီ/ အေအိုင်အိုင်ဒီအက်စ်ရောဂါကြောင့် သေဆုံးသွားသူတွေကို အမှတ်ရစေဖို့နဲ့ ပြည်သူ့ကျန်းမာရေး ၀န်ထမ်းများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနဲ့ အိပ်ချ်အိုင်ဗွီပိုးရှိသူများ အပါအ၀င် ပြည်သူလူထုတစ်ရပ်လုံးက နိုးကြားတက်ကြွတဲ့ စိတ်ဓါတ်များနဲ့ ပူးပေါင်းပါ၀င်ပြီး ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ လုံးဝကင်းစင်ပပျောက်သွားသည်အထိ ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံမှာ (၂၀၂၃) ခုနှစ်အကုန်၌ လူဦးရေ (၂) သိန်း (၈) သောင်း (၃) ထောင်ကျော် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရတဲ့အတွက် ရာခိုင်နှုန်းအားဖြင့် (၀.၆၆%) ထိ ရှိနေဆဲဖြစ်ကြောင်း၊ ရောဂါအသစ် ကူးစက်ခံရမှုအနေနဲ့တော့ (၂၀၀၀) ခုနှစ်မှာ အမြင့်ဆုံးဖြစ်ခဲ့ပြီး အသစ်ကူးစက်မှု လူ (၃) သောင်းနီးပါးရှိခဲ့ပြီး (၂၀၂၃) ခုနှစ်မှာတော့ လူ (၁) သောင်း (၄) ရာကျော်အထိ ကျဆင်းလာတာကို တွေ့ရကြောင်း၊ အိပ်ချ်အိုင်ဗွီပိုးကူးစက်မှု အသစ်မရှိစေရေး၊ HIV ပိုး ရှိသူများ၊ ဝေဒနာရှင်များအား ခွဲခြားနှိမ့်ချမှုကင်းစင်ရေး၊ လိုအပ်သော ဆေးကုသမှု ပြုစုကုသစောင့်ရှောက်မှုများ လက်လှမ်းမီရရှိကာ သေဆုံးမှုများလျှော့ချရေးစတဲ့ ရည်မှန်းချက်များပြည့်မှီပြီး အိပ်ချ်အိုင်ဗွီပိုးကူးစက်မှုကင်းဝေးတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာနိုင်မယ်လို့ ယုံကြည်ပါကြောင်း” စသည်များ ပြောကြားခဲ့သည်။
ထို့နောက် အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါကာကွယ်ကုသရေး လုပ်ငန်းများနှင့်ပတ်သက်၍ ကြိုးပမ်းဆောင်ရွက်မှုများကို မှတ်တမ်းတင်ဗွီဒီယိုဖြင့် ပြသခဲ့ပြီး အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါများနှင့်ပတ်သက်သည့် ခင်းကျင်းပြသထားသော ပြခန်းငယ်များကိုလည်း တာဝန်ရှိသူများက လှည့်လည်ကြည်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ဇော်မင်း