ဒဂုံတောင် ဒီဇင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းတွင်းအာဟာရကျွေးမွေးရေးအနုစိတ်စီမံချက်ရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုလမ်းရှိ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာသုဝေက လူတိုင်းကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ရေးတွင် နေ့စဉ်မဖြစ်မနေ စားသောက်နေကြရသည့် အစားအစာများ ဘေးကင်းလုံခြုံရေးအရေးကြီးကြောင်း ဘေးကင်းလုံခြုံသည့်အစားအစာဆိုသည်မှာ ဇီဝအန္တရာယ်၊ ဓာတုအန္တရာယ်၊ ရူပအန္တရာယ်များကင်းရှင်းပြီး အာဟာရဓာတ်ပြည့်ဝကာ ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေမည့် အစားအစာများပင်ဖြစ်ကြောင်း၊ အစားအစာကြောင့် ဘေးအန္တရာယ်ဖြစ်ပေါ်ကြရာတွင် လတ်ဆတ်မှုမရှိခြင်း၊ သက်တမ်းလွန်နေခြင်း၊ အစားအစာတွင်ပါဝင်နေသည့်ပစ္စည်းတစ်ခုခုကြောင့် ဓာတ်မတည့်ခြင်း၊ မှိုနှင့်ဗက်တီးရီးယား၊ ဗိုင်းရပ်စ်များ ဖြစ်ပေါ်ခြင်းများကြောင့်ဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူများတွင် အမူအကျင့်ကောင်းများ စွဲမြဲစေရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှုပုံစံများ စွဲမြဲကျင့်သုံးနိုင်စေရန်ရည်ရွယ်၍ စီမံချက်ရေးဆွဲရကြောင်းများ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများကလည်း ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများကို ပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသုဝေနှင့်တာဝန်ရှိသူများ မြို့နယ်ပညာရေးမှုးနှင့် ကျောင်းအုပ်ကြီးများ ကျောင်းအကျိုးတော်ဆောင်များ မိဘများတက်ရောက်ကြကြောင်း သတင်းရရှိသည်။
နေမျိုးအောင်