ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့်ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့မှကြီးမှူး၍ အမျိုးသမီးများအား တရားမဝင်လူကုန်ကူးမှု၊ သက်ငယ်မုဒိမ်းမှု၊ သွေးဆောင်ဖြားယောင်းမှုများမှ ကာကွယ်စောင့်ရှောက်ရန် အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

မင်္ဂလာဒုံ  ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မင်္ဂလာဒုံခရိုင်၊ တိုက်ကြီးခရိုင်၊ မှော်ဘီခရိုင်၊ လည်းကူးခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့မှကြီးမှူး၍ အမျိုးသမီးများအား တရားမဝင်လူကုန်ကူးမှု၊ သက်ငယ်မုဒိမ်းမှု၊ သွေးဆောင်ဖြားယောင်းမှုများမှ ကာကွယ်စောင့်ရှောက်ရန် အသိပညာပေးဟောပြောပွဲအခမ်းအနားကို မင်္ဂလာဒုံမြို့နယ် ပြည်တော်သာရပ်ကွက်ရှိ သာသနာ့ဗိမာန်၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။

ရှေ့ဦးစွာ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုဆွေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မင်္ဂလာဒုံခရိုင် တွဲဘက်ခရိုင်တရားသူကြီး ဒေါ်စန္ဒာအေးက ရာဇသတ်ကြီးဥပဒေများအကြောင်းရှင်းလင်းပြောကြားပြီးနောက် ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၆)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၊ ဒုရဲမှူးဝေလွင်က အမျိုးသမီးများအား တရားမဝင်လူကုန်ကူးမှု၊ သက်ငယ်မုဒိမ်းမှု၊ သွေးဆောင်ဖြားယောင်းခိုးယူမှုများမှ ကာကွယ် စောင့်ရှောက်ရန်ကိုလည်းကောင်း၊ ရွှေပြည်သာမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအကြောင်းကိုလည်းကောင်း မင်္ဂလာဒုံခရိုင်၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်ကေဇင်ဝင်းက အမျိုးသမီးများနှင့် သက်ဆိုင်သောဥပဒေများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာသူများအား မေးခွန်းမေးမြန်းခြင်းပြုလုပ်ပြီး ဖြေကြားနိုင်သူများကို ဂုဏ်ပြုဆုငွေချီးမြှင့်ပေးခဲ့ကြပြီးနောက် အသိပညာပေးဟောပြောပေးသူများအား တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်ပေးအပ်ကြကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြ​ကြောင်း သိရသည်။

မင်းသိန်းထွန်း