တောင်ဥက္ကလာပမြို့နယ်တွင်  သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)နှင့် ဆုံဆို့-မေးခိုင်ကာကွယ်ဆေး (DT) ဆေးထိုးနှံပေး

တောင်ဥက္ကလာပ  ဒီဇင်ဘာ  

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အမှတ်(၁၄)ရပ်ကွက်၊ မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစုရပ်၌ ယမန်နေ့နံနက် (၉) နာရီခွဲအချိန်ကစ၍ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)နှင့် ဆုံဆို့-မေးခိုင်ကာကွယ်ဆေး(DT) ဆေးထိုးနှံခြင်းအစီအစဥ်များ‌ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးမိုးဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၀)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)နှင့် အသက် (၅)နှစ်ပြည့်ပြီး အသက်(၇)နှစ်မကျော်သော (KG) ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့-မေးခိုင်ကာကွယ်ဆေးများထိုးနှံပေးခဲ့သည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အ.မ.က(၂၀)၊ အ.မ.က(၂၄)၊ အ.မ.က(၂၇)၊ အ.မ.က(၃၁)၊ မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် မြတ်ရတနာဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း HPV (၁၃၀)ဦး၊ DT (၁၉၀)ဦး ထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။

 ခင်ဆွေနှင်း(ပြန်/ဆက်)