ခရမ်းမြို့နယ် အ.မ.က(အိုးဝ) မူလွန်ကျောင်းတွင် နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသပွဲဆောင်ရွက်

ခရမ်း ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီခွဲအချိန်က အ.မ.က(အိုးဝ) မူလွန်ကျောင်း၌ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ် ခင်နှင်းဝေက ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာအုပ်များကို လည်း ဖတ်ရှုလေ့လာစေလိုကြောင်းနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း၊ လူကုန်ကူးမှု ဖြစ်ပေါ်စေသည့်အကြောင်းအရာများအားလည်းကောင်း အသိပညာပေး‌ ဟောပြောခဲ့သည်။ ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပါသည်။

ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အပတ်စဥ် မြို့ပေါ်ရပ်ကွက်ကျောင်းများသို့ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ခရမ်း (ပြန်/ဆက်)