ဟိုပုံးမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပ

ဟိုပုံး ဒီဇင်ဘာ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဒေသအ‌သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီအောင်က ရှမ်းပြည်နယ်အစိုးရ ဘတ်ဂျတ်ခွင့်ပြုငွေဖြင့် အသက်မွေးဝမ်းကျောင်းကာလတိုသင်တန်းများဖြစ်တဲ့ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်း၊ အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်းနည်းပညာသင်တန်း၊ အခြေခံစက်ချုပ်သင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ သင်တန်းတွင် ဘက်စုံသုံး၊ လက်ဆေး၊ ပန်းကန်ဆေး ဆပ်ပြာဆီ၊ အဝတ်လျှော်ဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ အဝတ်လျှော်အမွေးရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲအမျိုးမျိုး၊ ဖူဂျီဆပ်ပြာခရင်မ်၊ Body Scrub ထုတ်လုပ်မှုနည်းပညာများကို သင်တန်းနည်းပြများက စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း၊ ယခုလိုနည်းပညာသင်တန်းဖွင့်လှစ်ပေးခြင်းဖြင့် ကျေးလက်နဲ့မြို့ပြနေပြည်သူများ ကိုယ်ပိုင်လုပ်ငန်းများထူထောင်လာနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိလာခြင်းစတဲ့ အကျိုးကျေးဇူးတွေရရှိလာမှာဖြစ်တဲ့အပြင် အသေးစားကုန်ထုတ်လုပ်ငန်းရှင်များ ပေါ်ထွန်းလာပြီး မိသားစုဝင်ငွေတိုးပွားလာမှာဖြစ်ပါကြောင်းပြောကြားသည်။

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်မိုးမိုးထွေးက သင်တန်းသူများအား သင်တန်းသုံးကုန်ကြမ်းပစ္စည်းများ ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းကို ဒီဇင်ဘာလ(၃)ရက်နေ့မှ ဒီဇင်ဘာလ(၇)ရက်နေ့အထိ စာတွေ့/ လက်တွေ့ဖွင့် လှစ်သင်ကြားပေးသွားမှာဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)