မိုင်းကိုင်မြို့နယ်၌ (၂၁၁၉)နှစ်မြောက်၊ ရှမ်းနှစ်သစ်ကူးနေ့ အထိမ်းအမှတ် လူငယ်အသိပညာပေး ဟောပြောပွဲ ကျင်းပ

မိုင်းကိုင် ဒီဇင်ဘာ ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၂၁၁၉)နှစ်မြောက်၊ ရှမ်းနှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် အင်္ဂလိပ်ဘာသာဖြင့်ဟောပြောသည့် လူငယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့  နေ့လည်က မဇ္ဈိမာရာမဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။        

ရှေးဦးစွာ မဇ္ဈိမာရာမဘုန်းတော်ကြီးကျောင်း၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တစန္တာဝရက အဖွင့်ဩဝါဒ ဂါထာတော်မြွက်ကြားချီးမြှင့်ပြီးနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မြင့်သန်းက စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများ၊ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက လူငယ်အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီးနောက် အလယ်တန်း(ပထမနှစ်)မှ စာသင်သားရှင်သာမဏေများဖြစ်သော ရှင်စိန္တိတက Youth and education၊ ရှင်ဉာဏိန္ဒက  Youth and friendship၊ ရှင်ဝိဇေယျက The role of social media ခေါင်းစဉ်များဖြင့် အသီးသီးအသိပညာပေးဟောပြောကြရာ  တက်ရောက်လာကြသည့်  ရှင်သာမဏေများက  မိမိတို့သိရှိလိုသည်များကို  ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ မဇ္ဈိမာရာမဘုန်းတော်ကြီးကျောင်း၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တစန္တာဝရနှင့် ဆရာတော်သံဃာတော်များ၊ ရှင်သာမဏေများ၊ မြို့မိမြို့ဖများ၊ စိတ်ဝင်စားသူ လူငယ်လူရွယ်များ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)