တာမွေ ဒီဇင်ဘာ ၃
၂၀၂၄-ခုနှစ် ယနေ့ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ လှုပ်ရှားမှုအဖြစ်ပြုလုပ်သည့် အားကစားပြိုင်ပွဲများကို နိုဝင်ဘာ(၂၉)ရက်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အိုးစု(၃)လမ်းရှိ နားမကြားသော ကလေးများကျောင်း(ရန်ကုန်)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် နားမကြားသောကလေးများကျောင်း(ရန်ကုန်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အားကစားတာဝန်ခံ ဆရာမတစ်ဦးမှ အားကစားနည်းများအလိုက် အမှတ်ပေးစည်းမျဉ်းများအား လက်သင်္ကေတပြဘာသာစကားဖြင့် အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့လှုပ်ရှားမှုအဖြစ် အားကစားပြိုင်ပွဲများကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ နားမကြားသော ကလေးများကျောင်း(ရန်ကုန်)မှ ကျောင်းသား/သူလေးများ အားပါးတရ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိကြသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများသည် ထူးချွန်ဆုရရှိကြသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နားမကြားသောကလေးများ ကျောင်း(ရန်ကုန်)မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ၁၉၉၂ - ခုနှစ် ဒီဇင်ဘာလ( ၃ )ရက်နေ့မှစ၍ သတ်မှတ်ခဲ့ပြီး လူ့အဖွဲ့အစည်းတိုင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုတိုင်းတွင် မသန်စွမ်းသူများအတွက် သုခချမ်းသာနှင့် အခွင့်အရေးများကိုမြှင့်တင်ရန်၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဘဝ (cultural life) စသည့်ကဏ္ဍအသီးသီးတွင် မသန်စွမ်းသူများ၏ အခြေအနေကို အသိပညာပေးမှု မြှင့်တင်ရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် အဆိုပါအပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားများ နှစ်စဉ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)