ကျောက်ဆည် ဒီဇင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာနတွင်၊ မင်းစော (တောင်သမန်) ရေးသားသည့် “အောင်မြင်ရေးသော့ချက်-၂” စာအုပ် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကျောင်းသား၊ ကျောင်းသူများအတွက် စာပေဖတ်ရှု့လေ့လာရာတွင် ရရှိမည့်အကျိုးကျေးဇူးများ၊ ဗလငါးတန်ပြည့်စုံရေး သုတ၊ ရသစာအုပ်၊ စာစောင်များကို အားလပ်ချိန်တွင် ဖတ်ရှုစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အတွင်းရေးမှူး ဒေါ်ခင်ချို (သီတဂူ-ကျောက်ဆည်)က မင်းစော(တောင်သမန်) ရေးသားသည့် “အောင်မြင်ရေးသော့ချက်-၂” စာအုပ်မှပညာရှင်ကိုရှာပါ၊ လိုချင်စိတ်ရှိပါ၊ ထူးချွန်ထက်မြက်သူ၊ ပညာ၏သဘော၊ ပညာတန်ဖိုး၊ ကျွမ်းကျင်ပါစေ၊ ဝန်ခံပါ၊ တန်ဖိုးရှိသောအရာ၊ တန်ဖိုးမသိသောနေရာ၊ ကိုယ့်နေရာနှင့်ကိုယ်၏စသည့် အကြောင်းအရာများ ဆွေးနွေးခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်၊ စာစောင်များနှင့် အရွယ်မရောက်သေးသော ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)