ပျော်ဘွယ် ဒီဇင်ဘာ ၂
ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျော့ချရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (KAERU CARAVAN) အစီအစဉ် ကျင်းပခြင်းကို ယနေ့နံနက် (၉:၃၀)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာစိုးက သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ကလေးသူငယ်များ လုံခြုံမှုရှိစေရန် လိုအပ်ပါကြောင်း၊ အရေးပေါ်အချိန်တွင် ကလေးသူငယ်များ မိမိကိုယ်မိမိကာကွယ်နိုင်ရန်အတွက် ယခုလို အစီအစဉ် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးက ကလေးငယ်များအား မီးသတ်ဆေးဘူးများ အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်တတ်စေရန်၊ မီးနှင့်ပတ်သက်သော ဗဟုသုတများရရှိစေရန်၊ မိမိကိုယ်တိုင် (သို့မဟုတ်) မိမိပတ်ဝန်းကျင်အား အကူအညီပေးနိုင်ရန်၊ မီးလောင်မှုဖြစ်ပွားလျှင် မီးလောင်လွယ်သော ပစ္စည်းများနှင့် မီးငြှိမ်းသတ်ရေးပစ္စည်းများအား ခွဲခွဲခြားခြားသိရှိပြီး မီးငြှိမ်းသတ်နိုင်စေရန်၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အစီအစဉ်တကျ ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (KAERU CARAVAN) အစီအစဉ်ကို ကျင်းပရခြင်းဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးပြီး ဆရာကြီး ဦးခင်မောင်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူလေးများအား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ဉာဏ်စမ်းသုတအမေးအဖြေများ၊ မီးသတ်ဆေးဘူးနှင့် အခြားပစ္စည်းများ အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်းများ၊ အရေးပေါ်အခြေအနေတွင် ဒဏ်ရာရလူနာသယ်ဆောင်နည်းများ၊ ထိခိုက်ဒဏ်ရာရရှိသူများကို ရှေးဦးလူနာပြုစုနည်းများ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက မိမိနှင့်တစ်ပါတည်းယူဆောင်ရမည့်ပစ္စည်းများ၊ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ကစားနည်းစနစ်ပုံစံဖြင့် လေ့ကျင့်သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပြန်/ဆက်)