တောင်ဥက္ကလာပ ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့(World AIDS Day) အထိမ်းအမှတ်အဖြစ် ယမန်နေ့နံနက်ပိုင်းအချိန်က အေအိုင်ဒီအက်စ်ကင်းဝေးစေရန် အသိပညာပေးလက်ကမ်းစာစောင်နှင့် ကွန်ဒုံးများကို မြို့နယ်အတွင်းဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ကြသည်။
ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ်သည် ''အေအိုင်ဒီအက်စ် ကင်းဝေးဖို့၊ သာတူညီမျှအလေးပေးလို့၊ အားလုံးဝိုင်းဝန်းပံ့ပိုးစို့'' ဖြစ်ပြီး ပြည်သူများ အေအိုင်ဒီအက်စ်ရောဂါကင်းဝေးစေရန် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဧည့်ရိပ်သာများ၊ ဟိုတယ်များ၊ စက်ရုံအလုပ်ရုံများ၊ ဌာနဆိုင်ရာရုံးလိုင်းခန်းများ၊ ကားမှတ်တိုင်များ၊ လူအသွားအလာများပြားသည့် လမ်းမကြီးများ၊ ဈေးများတွင် ဖြန့်ဝေပေးခဲ့ကြသည်။ အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် အေအိုင်ဒီအက်စ်ကာကွယ်ရန်၊ ကွန်ဒုံးကို စနစ်တကျသုံးနည်း၊ ကာကွယ်နည်း၊ အေအိုင်ဒီအက်စ်ဆိုတာဘာလဲ၊ ရောဂါကူးစက်ပုံ၊ အန္တရာယ်များသည့်အပြုအမူများ၊ မကူးစက်နိုင်သောနည်းလမ်းများ၊ အေအိုင်ဒီအက်စ်ရောဂါရှိသူကို ပြုစုစောင့်ရှောက်ခြင်းဖြင့် ရောဂါကူးစက်မခံရနိုင်ပါစသည်တို့ ပါရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(တောင်ဥက္ကလာပမြို့နယ်) ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသားများပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)