ကျောက်ဆည်မြို့တွင် အကြိမ်(၈၀)မြောက် မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ နံနက်ပိုင်းက အကြိမ်(၈၀)မြောက် မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်းနာယကမွန်းဇူးက အကြိမ်(၈၀)မြောက် မြန်မာနိုင်ငံ စာဆိုတော်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စာရေးဆရာအသင်း နာယက ဦးအောင်မြင့်က မြန်မာနိုင်ငံစာဆိုတော်နေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ ခေတ်အဆက်ဆက်မှ စာဆိုရှင်ကြီးများရေးသားခဲ့ကြသော စာပေရေးရာအကြောင်းအရာများကို ပြောကြားခဲ့ပြီး၊ ဦးစိုးမြင့်ဒွဏ်း (အာယုဗေဒ္ဓ)က ကျောင်းသား၊ကျောင်းသူများ စာပေဖတ်ရှုခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ၊ စာပေဖတ်ရှုရာတွင် အသိပညာ ဗဟုသုတ ရရှိစေမည့် စာပေများကို အားလပ်ချိန်တွင် ရှာဖွေဖတ်ရှုသင့်ကြောင့်၊ စာပေဖတ်ရှုမှ တိုးတက်မှာဖြစ်သည့်အတွက် စာပေများဖတ်ရှုကြရန်၊ ပညာ၏အနှစ်သာရသည် ရှာဖွေစုဆောင်းခြင်းနှင့် မျှဝေခြင်းဖြစ်ကြောင်း ကြီးပွားတိုးတက်အောင်မြင်ကြစေရန် ကြိုးစားရမှာဖြစ်ကြောင်း၊ သတ္တိ၊ ဇွဲ၊ လုံ့လရှိပါက တောင်ကြီး ဖဝါးအောက်လှိုင်းကြီးလှေအောက်ဖြစ်ကြောင်း၊ စာပေမြင့်မှလူမျိုးတင့်မှာဖြစ်၍ စာပေကို စဉ်ဆက်မပြတ် လေ့လာဖတ်ရှုကြရန်နှင့် ဘဝတွင် အောင်မြင်ပျော်ရွှင်မှု ရရှိစေရန် မကောင်းမှုရှောင်ကောင်းမှုဆောင် ဖြူအောင်စိတ်ကို ထားရှိကြရန် ဟောပြောခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)