ကျောက်ပန်းတောင်းမြို့နယ် အခြေခံပညာကျောင်းများရှိ ကျောင်းသားကလေးငယ်များအား ဆုံဆို့ကြက်ညှာကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ထိုးနှံပေး

ကျောက်ပန်းတောင်း ဒီဇင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများမှ ကျောင်းသားကလေးငယ်များအား ဆုံဆို့ ကြက်ညှာရောဂါကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ် ဆေးများထိုးနှံခြင်းကို၊ ယနေ့ နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံခြင်းကို၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ထိုးနှံပေးခြင်း ဖြစ်ပြီး၊ အသက် ၅ နှစ်မှ ၇ နှစ်အတွင်းရှိ ကလေးငယ်များအား ဆုံဆို့၊ ကြက်ညှာ ရောဂါ ကာကွယ်ဆေးနှင့် အသက် ၉ နှစ်မှ ၁၁ နှစ်အတွင်း မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။ ကာကွယ်ဆေးများ ထိုးနှံရာတွင်  အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း ပညာရေးနယ်မြေအတွင်းရှိ ကျောင်း ၁၃ ကျောင်းမှ ကျောင်းသား ကျောင်းသူ ၂၃၅ ဦးနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာရေးနယ်မြေ အတွင်းရှိ ကျောင်း ၁၀ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၃၅၀ ဦးတို့အား ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရပြီး၊ ဒီဇင်ဘာ(၃)ရက်နေ့တွင် လေးရွာအခြေခံပညာအထက်တန်းကျောင်းနှင့် မြို့ရှေ့အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)