ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလူထု အားကစားလှုပ်ရှားမှု အထိမ်းအမှတ် အေရိုးဗစ်အားကစားပြိုင်ပွဲကျင်းပ

မိုင်းဆတ် ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ်၊ အေရိုးဗစ်အားကစားပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီက စတင်၍ မိုင်းဆတ်မြို့၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ မိုင်းဆတ်မြို့နယ်အတွင်းရှိ အ.ထ.က၊ သဗ္ဗညု၊ ထ(ခွဲ)လ-၁၊ ထ(ခွဲ)လ-၂၊ အ.လ.က -ကျဒယ်နှင့် အ.လ.က-နားကော ကျောင်းတို့မှ ကျောင်းသူလေးများက အသင်းတစ်သင်းလျှင် (၆) ဦးစီဖြင့် အသင်း (၇) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အေရိုးဗစ်အားကစားပြိုင်ပွဲအား ပြိုင်ပွဲဝင် အသင်း(၇)သင်းအနက်မှ အသင်း(၃)သင်းကို ရွေးချယ်ပြီး ပထမ၊ ဒုတိယနှင့် တတိယဆုများ ပေးအပ်ကာ ထိုဆုများကို (၄- ၁၂ -၂၀၂၄) ရက်နေ့ ဆုပေးပွဲအခမ်းအနားတွင် အသိပေးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလူထု အားကစားလှုပ်ရှားမှုအထိမ်းအမှတ် အားကစားပြိုင်ပွဲများကို မိုင်းဆတ်ခရိုင်စီမံအုပ်‌‌ချုပ်ရေးအဖွဲ့က ကြီးမှူး၍ ထူးချွန်ထက်မြက်သည့် အားကစားသမားများ ပေါ်ထွက်လာစေ၍ နိုင်ငံ့ဂုဏ်ဆောင်မည့် လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် လူငယ်မောင်မယ်များက ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားကစားအသိ စိတ်ဓာတ်ပိုမိုသက်ဝင်ယုံကြည်လာခြင်းဖြင့် တစ်မျိုးသားလုံး၏ ကာယဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်လာစေ၍ အားကစားကို စိတ်ပါဝင်စားသည့် ကျန်းမာကြံ့ခိုင်သော လူငယ်မောင်မယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ယနေ့ကျင်းပပြုလုပ်သော အေရိုးဗစ်အားကစားပြိုင်ပွဲအပါအဝင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဖူဆယ်၊ စသည့် အားကစားပြိုင်ပွဲများကို အောင်ဇေယျဘက်စုံကစားကွင်းနှင့် မိုးလုံလေလုံအားကစားခန်းမတို့တွင်(၂၃-၁၁-၂၀၂၄) ရက်နေ့မှ စတင်ကာ (၄-၁၂-၂၀၂၄) ရက်နေ့အထိ ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)