မူဆယ် ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ဟိုမွန်ရပ်ကွက်ရှိ ရှမ်းယဉ်ကျေးမှုကွင်း၌ ရှမ်းနှစ်သစ်ကူးပွဲတော်နှင့် ရှမ်းရိုးရာကောက်သစ်စားပွဲတော်ကို ဒီဇင်ဘာလ(၁)ရက် နံနက်(၉) နာရီမှစ၍ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပသည်။
ရှေးဦးစွာ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းနာယက ဦးဆွဲ့ခမ်းအေးက ဗဟိုရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းဉက္ကဌထံမှပေးပို့သောသဝဏ်လွှာအားဖတ်ကြားသည်။ ထို့နောက် မူဆယ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက ရှမ်းနှစ်သစ်ကူးပွဲတော်ဂုဏ်ပြု အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး မူဆယ်မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ စိုင်းလောင်ဝ်လိုင်းက ရှမ်းနှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့ပြင် ရှမ်းနှစ်သစ်ကူးပွဲတော်နှင့် ပီမိုင်တိုင်းကွင်းတို့အတွက် အလှူငွေများ ပေးအပ်လှူဒါန်းသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ရှမ်းနှစ်သစ်ကူးပွဲတော် ဖြစ်မြောက်ရေးအတွက် ရပ်ကွက်အလိုက် ပံ့ပိုးကြသော အလှူရှင်များစာရင်းအား ဖတ်ကြားတင်ပြသည်။ ဆက်လက်၍ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပြီး ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း လူငယ်မောင်မယ်များက ရှမ်းရိုးရာ ယဉ်ကျေးမှုအကများဖြင့် ဧည့်ခံဖျော်ဖြေကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)