တိုက်ကြီးမြို့နယ်၌ လူနှင့်တောဆင်အကြား ပဋိပက္ခလျော့နည်းစွာနေထိုင်နိုင်ရေး အသိပညာပေးခြင်းနှင့်ဖြေရှင်းနိုင်မည့်နည်းလမ်းများ ဆွေးနွေးပွဲ ကျင်းပ

တိုက်ကြီး ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် လူနှင့်တောဆင်အကြား ပဋိပက္ခလျော့နည်းစွာ နေထိုင်နိုင်ရေးအသိပညာပေးခြင်းနှင့် ဖြေရှင်းနိုင်မည့်နည်းလမ်းများဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက အမှာစကားပြောကြား သည်။ ဆက်လက်၍ မှော်ဘီမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်စင်ကျော်က ဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်၊ မျှော်မှန်းချက်နှင့် ဆင်ထိန်းသိမ်းရေးဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး Grow Back for Posterity (GBP) အဖွဲ့မှ ဦးစည်သူက HEC Mitigation Methodsများအကြောင်း၊ Friends of Wildlife (FOW)အဖွဲ့မှ ဒေါ်ခိုင်ခိုင်ဆွေက ဒေသခံအခြေပြု တောဆင်ထိန်းသိမ်းရေးအကြောင်းအရာများအား ဆွေးနွေးပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများက တောဆင်များနှင့်ပတ်သက်၍ ကြုံတွေ့နေရသည့်အခက်အခဲများနှင့် ဖြေရှင်းနိုင်မည့်နည်းလမ်းများကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး တောဆင်ရိုင်းအန္တရာယ်ကာကွယ်ရေးအတွက် လျှပ်စစ်ခြံစည်းရိုးနည်းစနစ်မှန်ကန်စွာပြုလုပ်ခြင်းကို လက်တွေ့သရုပ်ပြသည်။ 

အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မှော်ဘီမြို့နယ်သစ်တောဦးစီးအရာရှိ၊ တိုက်ကြီးမြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ (GBP)အဖွဲ့နှင့် (FOW)အဖွဲ့များမှ တာဝန်ရှိသူများနှင့် တောဆင်ရိုင်းဝင်ရောက်လေ့ရှိသည့် ရပ်ကွက်နှင့်ကျေးရွာများမှ ဒေသခံပြည်သူ(၂၀၀)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)