ပုဇွန်တောင် ဒီဇင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ပြည်သူများ အခြေခံ စားသောက်ကုန်များ စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ပုဇွန်တောင်ဈေးနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း ၄၉ လမ်းထောင့်တွင် ပြည်သူများအား အခြေခံစားသောက်ကုန်ဖြစ်သည့် ကြက်ဥများအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များအသင်း၊ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ကြက်ဥတစ်လုံးလျှင် (၃၈၀)ကျပ်နှုန်းဖြင့် အလုံးရေ (၁၁၁၀၀)လုံး အား စျေးနှုန်းချိုသာစွာဖြင့် လာရောက်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်ဖြစ်သည့် ကြက်ဥများကို သက်သာသောစျေးနှုန်းဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးနေမှုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကြည်ဖေလင်းနှင့်အဖွဲ့တို့မှ လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်(ပြန်/ဆက်)