မိုင်းခတ် နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မီးသတ်ဦးစီးဌာနမှဦးဆောင်၍ လူငယ်ရေးရာလှုပ်ရှား ဆောင်ရွက်မှုအနေဖြင့် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ ညနေ(၃)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေးဆောင်ရွက်ရာတွင် မိုင်းခတ်မြို့နယ်မီးသတ်ဦးစီးဌာနမှ စခန်းတာဝန်ခံ ဦးစိုင်းဇင်ကိုလတ်က ကျောင်းသား၊ ကျောင်းသူလူငယ်များ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ဆောင်ရွက်ရမည့်အချက်များအကြောင်း အသိပညာပေးဟောပြောပြီး၊ မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသမှုကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)