တောင်ကြီး နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်ထွန်းနှင့်အတူ လေးမိုင်ကွေ့- နောင်ထလီ - ညိုမီး - နောင်ပနားဖွာ - လင်းကွင်း - ထီရီး (မွေးမြူရေးဇုန်) - ရွှေညောင်လမ်း လမ်းအဆင့်မြှင့်ဆောင်ရွက်နေမှုကို ယမန်နေ့ညနေ ၄ နာရီက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် လေးမိုင်ကွေ့ - နောင်ထလီ - ညိုမီး - နောင်ပနားဖွာ - လင်းကွင်း - ထီရီး (မွေးမြူရေးဇုန်) - ရွှေညောင်လမ်း (၁၇/၄)မိုင်၊(Gradient) အတက်လမ်း မတ်စောက်သည့် (၄/၃) မိုင်နှင့် (၆/၂) မိုင်ကြား အတက်အဆင်းပြေပြစ်စေရန် မြေညှိခြင်းလုပ်ငန်း၊ တောင်ကြီးမြို့အားရှောင်ကွင်း၍ ကုန်တင်ကားကြီးများသွားလာနိုင်ရန် အတက်အဆင်း မတ်စောက်သည့် (၄/၃) မိုင် - (၁၇/၄) မိုင်အနက် (၆/၂) မိုင်ကြား ထီရီးကျေးရွာနှင့် လင်းကွင်းကျေးရွာကြားရှိ အတက်အဆင်းမြေညှိခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထို့နောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ယာဉ်သွားလာမှုပုံမှန်ဖြစ်စေရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လမ်းများအရည်အသွေးမီရေရှည်ကောင်းမွန်ရေး၊ စနစ်တကျဆောင်ရွက်ရန်၊ မတ်စောက်သည့် (၄/၃) မိုင်နှင့် (၆/၂) မိုင် ကြားအတက်အဆင်းပြေပြစ်စေရန် မြေညှိခြင်းလုပ်ငန်းအပြင် လမ်းအသစ်ဖောက်လုပ်သည့်အတွက် ကုန်ကားကြီးများသာမက ယာဉ်အမျိုးမျိုးလွယ်ကူ ချောမွေ့စွာဖြတ်သန်းသွားလာနိုင်ရေး၊ ကျေးလက်လမ်းဖြစ်သည့်အတွက် အနီးပတ်ဝန်ကျင်ရှိ ကျေးရွာများမှ ဒေသထွက်ပစ္စည်းများနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေစေရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)