မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာများ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရမည်းသင်း  နိုဝင်ဘာ  ၂၂

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် သစ်တောဦးစီးဌာနမှ မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာများ၊ လေထုညစ်ညမ်းမှုလျှော့ချရေး၊ သစ်တောသစ်ပင်များမှ ရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မိတ္ထီလာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာက မီးခိုးမြူငွေ့အန္တရာယ်ကိုလည်းကောင်း၊ ရမည်းသင်းမြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးငြိမ်းချမ်းက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ဖြစ်ပေါ်စေသော အကြောင်းအရင်းများ၊  မီးခိုးမြူငွေ့ကြောင့် ထိခိုက်စေနိုင်သော ကျန်းမာရေး၊ လူမှုရေးဖြစ်စဉ်များ၊ မီးခိုးမြူငွေ့လျှော့ချရေးအတွက် လက်တွေ့လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ လေထုညစ်ညမ်းမှုဖြစ်စေနိုင်သောအကြောင်းများ၊ သစ်ပင်သစ်တော၏ အကျိုးကျေးဇူးများအကြောင်း ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ‌ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးသည်။ ဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၉၃) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)