မက်မန်း နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံး (Community Centre) တွင် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲ၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရေးနှင့် နိုင်ငံ၏ နေ့ထူးနေ့မြတ်များနှင့် ပတ်သက်ပြီးသိရှိကာ မမေ့နိုင်စေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲများ၊ ပြိုင်ပွဲ၊ ပြပွဲများ ကျင်းပြုလုပ်ပေးရခြင်းဖြစ်ကြောင်းပြောကြားကာ အမျိုးသားရေး၊ ထိန်းသိမ်းရမည့် အမျိုးသားရေးတာဝန်ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ဆက်လက်ပြီး ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ အဖွဲ့ဝင် ဒေါ်နားဘိုက အမျိုးသားနေ့ဖြစ်ပေါ်လာပုံခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းယုဝေက ဂလိုဘယ်လိုက်ဇေးရှင်းနှင့် အမျိုးသားရေး၊ ထိန်းသိမ်းရမည့် အမျိုးသားရေးနှင့် အမျိုးသားနေ့ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြသည်။ ထို့နောက် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲများ ဆက်လက်ကျင်းပခဲ့ကာ (၁၀၄) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကို ဆက်လက်ခင်းကျင်းပြသပေးခဲ့သည်။
မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရေးအတွက် လစဉ်ဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ၊ ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ နံရံကပ်စာစောင်များ၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အသိပညာပေး Talk Show များကိုလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မက်မန်းခရိုင်ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ထုတ်လွှင့်ပြသပေးလျက်ရှိကြောင်း သိရသည်။
သိန်းသန်း(ပြန်/ဆက်)