သင်္ဃန်းကျွန်းမြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေး ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အစည်းအဝေးကျင်းပ

ရန်ကုန် နိုဝင်ဘာ ၂

သင်္ဃန်းကျွန်းမြို့နယ်အတွင်း နှစ်စဉ်ကျင်းပမြဲဖြစ်သော ဓမ္မာစရိယစာမေးပွဲ၊ နိကာယ်(၅)ရပ်စာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲများနှင့် ဘာသာရေးဆိုင်ရာအခမ်းအနားများ ကျင်းပဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် သာသနာ့ဗိမာန်တော်ကြီးတည်ဆောက်နိုင်ရေး ဖွဲ့စည်းတာဝန်‌ပေးအပ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းအချိန်က သင်္ဃန်းမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးထူးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဗိမာန်တည်ဆောက်ရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ ၈ ခုဖွဲ့စည်းကာ ကော်မတီဝင်များနှင့် ဗိမာန်ဖြစ်မြောက်ရေးအပြန်အလှန် ဆွေးနွေးညှိနှိုင်းတိုင်ပင်ခဲ့ကြသည်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်း ဘုန်းကြီးကျောင်းပေါင်း(၁၈၆)ကျောင်း၊ သံဃာတော်(၁၉၉၆)ပါး၊ သာမဏေ (၁၅၈၅) ပါးနှင့် သီလရှင်ကျောင်းပေါင်း(၂၃)ကျောင်း၊ သီလရှင်(၆၆၄)ပါး သီတင်းသုံးနေထိုင်လျက်ရှိပြီး သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိသော စာမေးပွဲများ၊ ဘာသာရေးအခမ်းအနားများ ကျင်းပပြုလုပ်ရန် မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ကျိုက္ကစံဆံတော်ရှင်စေတီတော်ဘုရားဝင်းအတွင်း တည်ဆောက်နိုင်ရေးရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ခွင့်ပြုချက်ရရှိနိုင်ရေး ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

သူရိန် (ပြန်/ဆက်)