မိုင်းယုမြို့၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများ ကျင်းပ

မိုင်းယု နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို မြို့ပေါ်နှင့် စာသင်ကျောင်းများ၌လည်းကောင်းနှင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများကို အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၃ခုနှစ်၌ ပေးပို့ခဲ့သည့် သဝဏ်လွှာမှကောက်နုတ်ချက်များ၊ အမျိုးသားရေးစိတ်ဓာတ်ဆောင်းပါးတိုများ၊ ညီလာခံမိန့်ခွန်းကောက်နုတ်ချက်များ၊ အမျိုးသားရေးတာဝန်များ၊ ကျွန်ပညာရေးဥပဒေပြဋ္ဌာန်းချက်များ၊  ကဗျာများနှင့် ကာတွန်းများ စုံလင်စွာဖော်ပြထားသည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာသင်ကျောင်းများ၊ ဈေးဆိုင်များနှင့် လူစည်ကားရာနေရာတို့၌ သွားရောက် ဖြန့်ဝေပေးခဲ့ကြသည်။

အလားတူး မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌လည်း (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုအနေဖြင့် အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲကိုလည်းကောင်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကိုလည်းကောင်း အသီးသီး ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်