ကော့မှူး နိုဝင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ၁၃၈၆ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့ ညချမ်းအချိန်၌ ပထမအကြိမ် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီကြွချီ လှည့်လည်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို မြို့သစ်ရပ်ကွက် မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ်သံဃာ့ နာယကဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ တွံတေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးဝင်းထွန်းနိုင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရသည်။
ဆက်လက်၍ အခမ်းအနားကို တွံတေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးဝင်းထွန်းနိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူနှင့် မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ အကြီးအကဲများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး မြို့သစ်ရပ်ကွက် မြို့နယ်မီးသတ် ဦးစီးဌာနရှေ့မှလက်ခိုက်ကျေးရွာ ဝေဠုဝန်ကျောင်း မုခ်ဦးအထိ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီကြွချီ စီတန်းလှည့်လည်ပူဇော်ခဲ့ကြသည်။
ကော့မှူးမြို့နယ်တွင် ၁၃၈၆ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့ ပထမအကြိမ် နှစ်ကျိပ် ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီကြွချီ လှည့်လည်ပူဇော်သည့်ပွဲကို ရပ်ကွက်/ကျေးရွာအတွင်းရှိ ပြည်သူအများမှ လာရောက်ဖူးမြော်ကြည်ညိုသူများဖြင့် အထူးစည်ကားလှသည့် ဘာသာရေးပွဲတော်တစ်ဖြစ်ကာ မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီကြွချီလှည့်လည်ပူဇော်ပွဲကို ရုပ်ပွားတော်များပင့်ဆောင်ခံမည့် အလှပြယာဉ်များတွင် ရောင်စုံလျှပ်စစ်မီးများထွန်းညှိ ပူဇော်ပြီးမြို့နယ်အတွင်းစည်ကားသိုက်မြိုက်စွာ လှည့်လည်ပူဇော်ခံခဲ့ကြကြောင်း သိရသည်။
ထို့နောက် အလှူရှင်၊ စေတနာရှင်များနှင့် ဧည့်ခံဖျော်ဖြေကြသူများကို တွံတေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၂) ဦးဝင်းထွန်းနိုင်နှင့် မြို့နယ်အဆင့် ဌာနအကြီးအကဲများက ပေးအပ်ခဲ့ကြပြီး တေးသံရှင်များက မြန်မာသံစဉ်များဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)