လှည်းကူး နို၀င်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ရန်ကုန်မြောက်ပိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲနှင့်လက်သန့်ဆေးရည် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို လှည်းကူးမြို့နယ်၊ မလစ်ကျေးရွာအုပ်စု၊ မလစ်အနောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယနေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းနောင်၊ လှည်းကူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူ ဦးတင်အောင်သန်းတို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားရာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများဖွင့်လှစ်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများအလုပ်အကိုင် အခွင့်အလမ်းများရရှိကာ မိသားစုဝင်ငွေများတိုးပွားလာစေရန်ရည်ရွယ်၍ သင်တန်းကိုဖွင့်လှစ်ပေးခြင်းဖြစ်ရာ ကျွမ်းကျင်ပိုင်နိုင်စွာတက်မြောက်အောင်သင်ကြားကြရန် ရှင်းလင်းပြောကြားခဲ့ပြီး မြောက်ပိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရဲဇော်ထွန်းက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် နည်းပညာပိုင်းဆိုင်ရာကိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများအား စီးပွားဖြစ်လူသုံးကုန်ထုတ်လုပ်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းကို နို၀င်ဘာလ(၁၁)ရက်နေ့မှ နို၀င်ဘာလ (၁၅)ရက်နေ့အထိ စာတွေ့/လက်တွေ့(၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့ မလစ်အနောက်ကျေးရွာအုပ်စုရှိ အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသနေပြည်သူ(၁၅)ဦးတို့ တက်ရောက်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)