မဟာအောင်မြေ နိုဝင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် အမှတ်(၃၀) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့ နေ့လယ် ၁ နာရီက ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပသည်။
ရှေးဦးစွာ မဟာအောင်မြေမြို့နယ် အမှတ်(၃၀) အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ် ဆရာကြီး ဦးသန်းလွင်က အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက အနာဂတ်လူငယ်မျိုးဆက်သစ်များကို အခြေခံပညာအရွယ်ကစ၍ စာဖတ်သည့် အလေ့အထနှင့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ အခြေခံပညာမှ အဆင့်မြင့်ပညာအထိ အတန်းစဉ်အလိုက် ဘက်စုံထူးချွန်ထက်မြက်သည့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်၊ ထိုမှတစ်ဆင့် နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် ကောင်းကျိုးများ စွမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းရတနာ၊ သမီးကောင်းရတနာ လူရည်ချွန်များ ထွက်ပေါ်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးညီဝင်းသူက ပညာ၏တန်ဖိုးနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောသည်။
ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်ပြဘုတ်များနှင့် သုတရသစာအုပ်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း