မင်္ဂလာတောင်ညွန့် နိုဝင်ဘာ ၁၁
ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတများကြွယ်ဝပြီး၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) အချိန်က အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် “လူငယ်တွေအနေနဲ့ လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ အသိဉာဏ်ပညာဗဟုသုတတွေပိုမိုရရှိစေရန်နှင့် ပူပေါင်းဆောင်ရွက်တတ်စေရန်စသည့်တို့ကို ပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေးက ဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပြီး လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့် Grade-7 မှ မဝင့်ဝါရွှေရည်မိုးကလည်းကောင်း၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် Grade-10 မှ မမြတ်ဖူးပွင့်ကလည်းကောင်း၊ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် Grade11မှ မောင်စိုင်းမင်းသူကလည်းကောင်း၊ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် Grade-9မှ မောင်ပြည့်ဘုန်းပိုင်ကလည်းကောင်း၊ လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် Grade-9မှ မသွန်းထက်ရွှေဇင်ကလည်းကောင်း၊ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် Grade-10မှ မောင်စိုင်းစိုင်းကလည်းကောင်း အသီးသီးပါဝင်ဆွေးနွေးခဲ့ကြပြီး ကျောင်းသား/ကျောင်းသူလေးများက သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ ဆွေးနွေးသူများမှ ပြန်လည်ဖြေကြားပေးခဲ့သည်။ ထို့နောက် ပါဝင်ဆွေးနွေးခဲ့ကြသည် ကျောင်းသား/ကျောင်းသူလေးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးတင်မောင်မောင်ဦးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိတို့က လက်ဆောင်ပစ္စည်းများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပါသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ် စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထူးထက်(ပြန်/ဆက်)