မြိတ်မြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

မြိတ်  နိုဝင်ဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် ဘောလုံး အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို မြို့မအားကစားကွင်းတွင် ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။

ပြိုင်ပွဲကို မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး အာကာအောင်က အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာ အဓိဌာန်ရွတ်ဆို၍ ပြိုင်ပွဲစတင်ခဲ့ရာ မြို့မ FC ကလပ်အသင်းနှင့် စန္ဒဝတ် FC ကလပ်အသင်းတို့ ပထမပွဲစဉ်အဖြစ် စတင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း(၁၂)သင်း၊ ပြိုင်ပွဲဝင်အားကစားသမား(၂၄၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး နိုဝင်ဘာ (၁၀)ရက်မှ(၃၀)ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ ပြိုင်ပွဲတွင် ပထမဆုရရှိသောအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၁၀)သိန်းနှင့် ဒုတိယဆုရရှိသောအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေ(၇)သိန်းကျပ် ပေးအပ်ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။

ခိုင်ထူး (ပြန်/ဆက်)