နေပြည်တော် နိုဝင်ဘာ ၁၀
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းအတွင်း တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူလူထုများ စုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်နေမှု တို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်ကာ ကျောင်းအတွင်း သန့်ရှင်းသာယာလှပရေး၊ ရေဝပ်နေသော နေရာများအား ဖောက်ထုတ်ရေး၊ ပန်းအလှပင်များနှင့် သီးပင်စားပင်များ စိုက်ပျိုးရေး၊ ကျောင်းအတွင်း/အပြင် ရေစီးရေလာ ကောင်းမွန်ရေး၊ အမှိုက်များ စနစ်တကျ စွန့်ပစ်သိမ်းဆည်းရေးတို့ကို တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားကွင်းသို့ သွားရောက်ပြီး ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစား ပွဲတော်တွင် နေပြည်တော်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား တွေ့ ဆုံပြီး အားဖြည့်ဖြည့်စွက်စာများ၊ အားကစားပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကာ အားကစားနည်းမျိုးအလိုက် လေ့ကျင့်ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား ပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ ပင်လောင်းလမ်းဘေး သစ်တပ်ကျေးရွာအုပ်စု၊ ကြို့ပင်ရွာကွင်း (၁၆၁၉) တွင် ပြုလုပ်သည့် ရာဂီမုန်တိုင်းဒဏ်ကြောင့် ထိခိုက်စပါးခင်းများအား ရွက်ဖျန်းအားဆေး ထောက်ပံ့ခြင်းနှင့် စပါးမျိုး ၁၁ မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲသို့ တက်ရောက်သည်။
ဦးစွာ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့် ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့ယ်ဦးစီးမှူးတို့မှ စပါးမျိုးများ စမ်းသပ်စိုက်ပျိုးဆောင်ရွက်ထားမှုအခြေ အနေများနှင့် ယှဉ်ပြိုင်စမ်းသပ်ကွက် ဆောင်ရွက်ရခြင်း အကြောင်းအရင်းများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကား ပြောကြားရာတွင် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးထပ်စွမ်းအား ရာနှုန်းပြည့်တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရေး၊ ရေကြီးနစ်မြုပ်လယ်ယာမြေများအား အမြန်ဆုံး ပြန်လည်ပြုပြင် စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း အများဆုံးရရှိသော တောင်သူများ၊ မြို့နယ်များအား ဂုဏ်ပြုဆုများ ပေးအပ်သွားနိုင်ရေးတို့ကို မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ရွက်ဖျန်းအားဆေးများအား တောင်သူများသို့ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် စပါးမျိုး ၁၁ မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်အတွင်း စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုအားပေးပြီး တောင်သူများ၏ မေးမြန်း ဆွေးနွေးချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားနေမှုများနှင့် ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် အသေးစား၊ အလတ်စား စက်မှုဇုန်ရှိ Myanmar Kaido Co.,Ltd မှ မြေတူးစက်သုံး ဂေါ်ပြားများနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ပြင်ဆင်တပ်ဆင်သည့် အလုပ်ရုံသို့ သွားရောက်ကြည့်ရှုပြီး ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး၊ ပြည်ပသွင်းကုန်အစားထိုး ပစ္စည်းများ ထုတ်လုပ်နိုင်ရေးနှင့် စက်မှုဇုန်အတွင်း MSME လုပ်ငန်းများ ပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်း အဝေးခန်းမ (၁)၌ ကျင်းပရာ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းကော်မတီများအနေဖြင့် မိုးလေဝသဖြစ်စဉ်များကို မပျက်လေ့လာပြီး မိမိတို့ဒေသတွင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ရှာဖွေကူညီကယ်ဆယ်ခြင်း၊ ထောက်ပံ့ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်လုပ်ငန်းများကို ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူလူထုများနှင့် ပူးပေါင်းပြီး အချိတ်အဆက် မိမိဖြင့် တုံ့ပြန်ဆောင်ရွက်နိုင်ရေး အစီအမံများချမှတ်ပြီး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်းရှိ ချောင်းမကြီးများနှင့် ချောင်းလက်တက်များတွင် ရေတက်မှုကို စောင့်ကြည့်မှုများကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေ ထိခိုက်မှုနည်းနိုင်သမျှ ထိခိုက်ဆုံးရှုံးမှုနည်းအောင် စနစ်တကျစုဖွဲ့ပြီး ကာကွယ်ကူညီပေးခြင်း၊ စီမံခန့်ခွဲမှုကိစ္စရပ်များကို သက်ဆိုင်ရာဌာနအားလုံးက မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် နည်းလမ်းမှန်မှန်ဖြင့် အကောင်းဆုံးတုံ့ပြန်ကူညီဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များနှင့် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ယခုဖြစ်ပေါ်နေသည့် မိုးလေဝသအခြေအနေများနှင့် ပတ်သက်၍ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ဆောင်ရွက်မည့် အစီအမံများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး က လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုနယ်မြေ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေး အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်း အခမ်းအနားကို နေပြည်တော်ကောင်စီရုံးဝင်းရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့လာပါက ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်ဖွဲ့ဝင်များနှင့် အသင့်စုဖွဲ့ထားရှိသော အဖွဲ့များက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများအား ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် လူအင်အား၊ ယာဉ်/စက်/ယန္တရားများနှင့် လိုအပ်သည့်ပစ္စည်းများကို အသင့်ပြင်ဆင်စုဖွဲ့ ထားရှိရမှာဖြစ်ကြောင်း၊ ခရိုင်/မြို့နယ်များအလိုက် ကူညီကယ်ဆယ်ရေးအဖွဲ့များ ဖွဲ့စည်းလေ့ကျင့်ခြင်း၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက တုံ့ပြန်ဆောင်ရွက်ရေး အစီအမံများ ရေးဆွဲခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ပြည်သူများအား အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက တုံ့ပြန်ဆောင်ရွက်ရေးအတွက် အသင့်ပြင်ဆင်စုဖွဲ့ထားရှိသော တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ယာဉ်/စက်/ယန္တရားများနှင့် လိုအပ်သည့်ပစ္စည်းများကို အသင့်ပြင်ဆင်စုဖွဲ့ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)